ကြီးဆေးကြောင့် လိင်တံကို အရင်းကနေ ဖြတ်ထုတ်ရနိုင်သလား
ဆေးခန်းမှာ ဆရာဝန်နဲ့ စနစ်တကျမဟုတ်ဘဲ ရပ်ကွက်ထဲက ရမ်းကုတွေ၊ ကိုယ့်ဘော်ဒါအချင်းချင်း လက်တည့်စမ်းရင်း ကြီးဆေးဆိုပြီး လိင်အင်္ဂါအတွင်းကို အုန်းဆီ၊ ဖယောင်း၊ ဆီလီကွန်၊ ဗက်စလင်း စတဲ့ သဘာဝမဟုတ်တဲ့ ပစ္စည်းတွေကို ထိုးထည့်လာတဲ့ အလေ့အထဟာ မြန်မာနိုင်ငံမှာ ယခင်ကတည်းကရော ယခုအချိန်ထိပါ ခေတ်စားနေဆဲပါပဲ။ ကြီးဆေးကို ကိုယ်ထင်သလို ထိုးလိုက်တဲ့အခါမှာ ဖြစ်လာတတ်တဲ့ ယာယီဘေးထွက်ဆိုးကျိုး (တချို့အခြေအနေမှာ ရေရှည်ကနေ ရာသက်ပန်အထိ ဖြစ်နိုင်) တွေကတော့
- ထိုးလိုက်တဲ့ဆေးက လိင်တံတစ်ချောင်းလုံးကို မဟုတ်ဘဲ တစ်နေရာတည်းဖြစ်နေတာ၊ စနစ်တကျ ချေခြင်းမရှိတဲ့အခါ တစ်နေရာတည်းမှာပဲ ကွက်ပြီး ဖောင်းလာမယ်
- ဆေးထိုးထားတဲ့နေရာဟာ နီရဲပြီး ပြင်ပက ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားများ ဝင်လာရာကနေ အဖျားတက်တာ၊ အနာကနေ ပြည်ယိုတာ၊ ကိုက်ခဲတာ၊ ချမ်းတုန်တာ စတဲ့လက္ခဏာများ ပြလာနိုင်တယ်
- ထိုးလိုက်တဲ့ဆေးတွေဟာ သဘာဝမဟုတ်တဲ့ ပစ္စည်းများဖြစ်တဲ့အတွက် ခန္ဓာကိုယ်က လက်မခံတဲ့အခါ ကိုယ်ခံအားစနစ်က ဒါကိုတိုက်ထုတ်ဖို့ ကြိုးစားရင်း ဓာတ်မတည့်လက္ခဏာများ ပြလာနိုင်တယ်
- လိင်တံထောင်မတ်တဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရနိုင်တယ်
- လိင်ဆက်ဆံတဲ့အခါ အပြည့်အဝလိင်တံထောင်မတ်နိုင်ခြင်း မရှိဘဲ ထိုးထားတဲ့နေရာကနေ ကွေးနေတာမျိုး၊ ကွက်ပြီး ပျော့နေတာမျိုး ဖြစ်နိုင်တယ်
- ဆီးလမ်းကြောင်းထဲပါ ထိုးလိုက်တဲ့ဆေးတွေ ပိတ်မိသွားတဲ့အတွက် ဆီးသွားရခက်ခဲတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်နိုင်တယ်
- တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့သူတွေမှာ ဒဏ်ရာထဲ ပိုးဝင်နိုင်ခြေ အလွန်အဖြစ်များပါတယ်။
ကြီးဆေးထိုးခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေဟာ ထိုးပြီးကာစမှာရော ထိုးပြီးနှစ်အတော်ကြာတဲ့အထိ ခံစားပြီး အချို့တွေမှာ လိင်အင်္ဂါတစ်ခုလုံး သုံးမရတဲ့အထိ ပုပ်သွားတာမျိုး၊ ပြည်တွေယိုစိမ့်ပြီး မျိုးအောင်နိုင်ခြေ လုံးဝမရှိတော့တဲ့အထိ၊ လိင်တံကင်ဆာဖြစ်စေနိုင်တဲ့အထိ အန္တရာယ်ကြီးတာကြောင့် မလိုအပ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ကြီးဆေးမထိုးဖို့နဲ့၊ ကိုယ့်ရဲ့လိင်အင်္ဂါ အလွန်သေးနေတယ်ဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့သာ သေချာပြသပြီး သင့်တော်တဲ့ ကုထုံးနဲ့ ကုသမှုခံယူဖို့ အကြံပေးချင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်